Tuesday, December 11, 2007

အဖြူရောင် တမ်းချင်း

စကားတစ်ခွန်းကို ပြောဖို့ဘာလို့ ကျွန်မ စွံအနေမိတာလဲ။

မပြောရက်ပါဘူး ….။

ဒီစကားလေးကြောင့် သူထိခိုက်မှာကို စိုးရိမ်နေမိတယ်။

ဒါပေမယ့်…အဖြူရောင်လေး စွန်းထင်းမှာကိုလည်း ကျွန်မကြောက်နေမိတယ် ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





သူ့ ဂရုစိုက်မှုလေးတွေ ၊ အကြည့်စူးစူးတွေကို ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့တာပါ။

သူငယ်ချင်းစည်းလေးကို သူ ကျော်လာမှာ စိုးလှတယ်။

စည်းကျော်လာတဲ့ သူတစ်ယောက်ကို မုန်းရမှာလည်း မလိုလားဘူး။ မမုန်းပေမယ့်လည်း မချစ်ချင်ပါဘူး ။

သူ့ရဲ့ ထာဝရအားပေးဖော်..နားလည်ပေးသူ သူငယ်ချင်းတစ်ယောက်သာ ကျွန်မဖြစ်ချင်ခဲ့တယ်။

ကျွန်မအတွက် သူငယ်ချင်းဆိုတဲ့ ခင်မင်မှုဟာ လေးနက်ပါတယ်။

လူတစ်ယောက်ကို လွယ်လွယ်နဲ့ သူငယ်ချင်းမလုပ်တက်သလို …သူငယ်ချင်းတစ်ယောက်ကိုလည်း လွယ်လွယ်လေးနဲ့ ခင်မင်မှု မဖြတ်ပါဘူး ။ ဒါကြောင့် ကျွန်မကို ခင်တဲ့သူများပါတယ်။ဒါပေမယ့်….ကျွန်မခင်တဲ့သူ နည်းတယ်။

လူတစ်ယောက်ရဲ့ အကျင့် စရိုက် ..အမူ အရာ တွေအကုန်လုံးက သူ့ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၊ အပေါင်းအသင်းနဲ့ဆိုင်တယ်လို့ ကျွန်မထင်ပါတယ်။ကိုယ် ကဘယ်လောက်ကောင်းကောင်း အပေါင်းအသင်း မကောင်းရင် ပျက်ဆီးတက်ပါတယ်။



သူ ကတော့ ကျွန်မ အပေါ်ကောင်းသူပါ ။ ကျွန်မကိုလည်း ကျွန်မထက် ဂရုစိုက်တယ် ။ကျွန်မ အကြိုက်ကိုလည်း ကျွန်မထက်သိတဲ့သူပေါ့ ။ကျွန်မ ဘာပြောပြော နားထောင်ပေးသူ ၊ ကျွန်မ ဖြစ်ချင်တာ ဖြည့်ဆည်းပေးနိုင်သူ ၊ အဲ့လို လူကို ကျွန်မ ပစ်ပယ်ခဲ့ရင် ကျွန်မဟာ မိုက်မဲတဲ့သူ ဖြစ်နေမလား ။



နှလုံးသားကိုဦးစားပေးနေသူ ကျွန်မ ဟာရူးမိုက်နေသလား ?



မချစ်နိုင်တာ တစ်ခုတည်းနဲ့ ငြင်းပယ်လိုက်ရင် ကျွန်မ သူ့အပေါ် မတရားဖြစ်နေမလား ?



သူငယ်ချင်းရယ်…

ခင်မင်ခဲ့တာ ခဏတာပေမယ့်

ခင်မင်မှုက တိုင်းဆမရပါဘူး ။

အမုန်းတရားတွေ မပေးချင်သလို…

အချစ်တွေလည်း ပေးလို့မရဘူး ။

ထာဝရခင်မင်နိုင်ဖို့

အဖြူရောင်စည်းလေး

ငါ..တားထားတယ် ။

မင်း ငါ့ကို နားလည်ပါစေ ။

ညဥ့်ငှက်တစ်ကောင်၏ ဆုတောင်း

ဒီလို တိတ်ဆိတ်တဲ့ညမှာ မှောင်မိုက်တဲ့ လမ်းမျိုးကို ကျွန်အကြိမ်ကြိမ်အခါခါ လျှောက်လှမ်းဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှ ဒီလို အေးချမ်းတိတ်ဆိတ်မှုကို မခံစားဖူးဘူး။ ကျွန်မရဲ့ စိတ်တွေ လွတ်လပ်ပေါ့ပါးနေတယ်။မကြာမီ ကျွန်မလည်း လွတ်မြောက်ခွင့်ရှိတော့မယ်။ ဒီလိုနေ့ရက်မျိုးကို ကျွန်မ ပိုင်ဆိုင်ချင်ခဲ့ဖူးတယ်။ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလို ရောဂါဆိုးကြီးနဲ့ အတူတော့ ထွက်ခွာရလိမ့်မယ်တော့ မမျှော်လင့်ခဲ့တာ တော့အမှန်ပါ ။ ဘာပဲဖြစ်ဖြစ်ပေါ့……လောကဓံရဲ့ အထုအထောင်းများတော့လည်း ကျွန်မ ပေတေခံတတ်နေပါပြီ ။ကျင့်သားရနေခဲ့ပါပြီ ။



တစ်ချိန်တစ်ခါက….စက္ကူဖြူတစ်ရွက်လို ကျွန်မဘ၀ စာမျက်နှာတွေ ဖြူစင်နေခဲ့ဖူးတယ်။အဲ့အချိန်ကတော့ ကျွန်မရဲ့ ကလေးဘ၀လေးပေါ့။ လူတွေသတ်မှတ်ထားတဲ့ အမှန်နဲ့အမှားကိုမသိသေးချိန်အထိတော့ အပူအပင်ကင်းမဲ့စွာဖြင့် ပျော်ရွှင်နေခဲ့ဖူးတယ်။ဒါပေမယ့်လည်း လောကဓံရဲ့ အရောင်ဆိုးမှုကို ခံလိုက်ရတဲ့အခါ ကျွန်မဘ၀လည်း ဆေးရောင်စုံ စွန်းထင်းလာခဲ့ပြီ ။



လေတိုက်လို့ သစ်ရွက်ကြွေတာကို ရင်မခုန်ခဲ့ဖူးပေမယ့် မီးရောင်စုံညတွေကြားမှာ ပျော်မွေ့နေခဲ့ဖူးတယ်။အဆီပြန်နေတဲ့ မျက်နှာတွေကြား ..ရီဝေေ၀မျက်လုံးအကြည့်တွေအောက် ပိုက်ဆံရဲ့ သားကောင်ဖြစ်နေခဲ့တယ်။ ပိုက်ဆံဆိုတဲ့ အရာတစ်ခုတည်းအတွက် ကျွန်မ အသွေးအသားတွေ ပေးဆပ်ခဲ့ရတယ်။



ရွက်ဝါကြွေလို့ရွက်သစ်ဝေချိန်ရောက်တော့ ကျွန်မဘ၀ တစ်ဆစ်ချိုးခဲ့ပြန်တယ်။ နေရာပေါင်းစုံ တည်းခိုခန်းတွေကြား ကျွန်မကျင်လည်ခဲ့ရတယ်။ အဝေးပြေးကားတွေနဲပ ခရီးအတူတူသွားရင်း ကျွန်မနေ့ရက်တွေမည်းညစ်နေခဲ့တယ် ။



ကျွန်မ ဘ၀အကျိုးပေးကံ မကောင်းခဲ့တာလား။ရှေးဘ၀က အတိတ်ကံကြောင့်လား ?

အခုတော့ လွတ်မြောက်ရတော့မှာပေါ့ ။

ဒီအတွက် ကျွန်မ၀မ်းနည်းရမှာလား ?

ဒါမှမဟုတ် ၀မ်းသာရမှာလား ?



ဒီလောကကြီးကနေ…တိတ်တိတ်လေး ကျွန်မထွက်ခွာသွားနိုင်ပါတယ် ။ဒါပေမယ့်…တစ်ခြားမိန်းကလေးတွေကိုတော့ ကျွန်မလို မဖြစ်စေချင်ဘူး ။

ဘုရားသခင်ကိုတော့ နောက်ဆုံးအနေနဲ့ ဆုတောင်းခွင့်ရရင် ဆုတောင်းချင်ပါတယ် ။



မိန်းကလေးတိုင်း ဖြူစင်သန့်ရှင်းတဲ့ ဘ၀လေး ပိုင်ဆိုင်ရပါစေလို့ …….



ည၏ အမှောင်ထုလည်း တစ်ဆထက်တစ်ဆသိပ်သည်းလာကာ….ကျွန်မလည်း အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်ရင်း

Tuesday, December 4, 2007

အလှည့်ကျ

မဖြစ်နိုင်မှန်းသိနေပေမယ့်လည်း
ရှေ့ဆက်တိုးမိနေတယ်။
တစ်ချိန်ချိန်မှာ အဆုံးသတ်ရမယ်မှန်း
ငါသိပါတယ်။
အဲလို..သိရက်နဲ့ မိုက်နေမိတာ
ငါ့အပြစ်တွေပေါ့။
အဲ့အပြစ်တွေ အတွက်
တစ်ချိန်မှာ ငါပေးဆပ်ရမှာလား ။
ဒါဆိုလည်း ..
ဒီတစ်ဘ၀ ငါပေးဆပ်မယ်
နောက်ဘ၀တော့ နင့်အလှည့်ပေါ့ ။

Sunday, September 16, 2007

မင်းအတွက်...

ကိုယ့် ဖွင့်မပြောလို့
မချစ်ဘူးမပြောပါနဲ့
မင်းအတွက်ဆို
တစ်ဘ၀လုံး ပေးဆပ်ထားသူပါ။
ဝေးသွားမှာကို ကြောက်ရွှံ့နေလို့
သတ္တိမရှိဘူး မပြောပါနဲ့
မင်းနဲ့တွေ့မှ
ဒူးထောက်အရှုံပေးခဲ့သူပါ။
အရှုံးသမားလို့တော့မပြောပါနဲ့
မင်းအနိုင်ယူ ဖို့ ပေးဆပ်ထားတာပါ။
ရက်စက်ပြီးတော့ အဝေးပြေးဖို့
မစဉ်းစားပါနဲ့
ကိုယ့်နှလုံးသားလေး ငြိမ်သက်သွားမှာ စိုးရိမ်လို့ပါ။

လူတစ်ယောက် ၏ ….

အကြင်နာ စကား
အပြုံးတစ်ချက်
မရခဲ့လည်း
မင်းနူတ်ခမ်း ချိုချိုကို
တပ်မက်နေတယ် ။ ။


အကြင်နာ မျက်ဝန်း
အကြည့်တစ်ချက်
မရခဲ့လည်း
မင်းမျက်ဝန်းစိမ်း ခါးသက်သက်ကို
တောင့်တနေတယ်။ ။


အကြင်နာ အချစ်
မြတ်နိုးခွင့်
မရခဲ့လည်း
မင်းနှလုံးသား အေးစက်စက်ကို
မျှော်လင့်နေတယ် ။ ။

ဝင်လာပြီးမှ ထွက်ခွာသူ

မှောင်မိုက်နေတဲ့ ကိုယ်ဘ၀ထဲကို
အလင်းရောင်လေး ရောက်ရှိလာတယ်။
အမုန်းတရားနဲ့ ပြည့်နှက်နေသူကိုယ့်ကို
မေတ္တာတရားနဲ့ လမ်းပြခဲ့တယ်။
ရယူခြင်းနဲံ နေထိုင်သူကိုယ့်ကို
ပေးဆပ်ခြင်းနဲ့ ဖြည့်ဆည်းပေးတယ်။
ငြိမ်သက်နေတဲ့ နှလုံးသားကို
လှုပ်နိုးပြီးမှ နူတ်မဆက်ပဲ
ထွက်ခွာသွားတယ်။
ချစ်မိသွားသူကိုယ့်ကို
လွမ်းတတ်အောင်ပါ သင်ပေးသွားတယ်။

အစွန့်ပစ်ခံ နှလုံးသား

မခေါ်ပဲနဲ့ မင်းလာတယ်
မနှင်ပဲနဲ့ မင်းထွက်သွားတယ်။
ကိုယ်ရင်ခွင်ကို
မင်းစိတ်ကြိုက်ကစားပြီးမှ
နူတ်မဆက်ပဲ စွန့်ပစ်ခဲ့တယ်။
မင်းသဘောကျလိုက်လျောခဲ့လဲ
မင်းစိတ်တိုင်းကျဖြစ်မလာဘူး။
မင်းအလိုမရှိလို့ ထားခဲ့ပေမယ့်
လိုအပ်လာရင် ပြန်လာနိုင်ဖို့
ရင်ခွင်တံခါး ဖွင့်ထားပါတယ်။

နတ်သမီးလေးသို့ တမ်းချင်း

နွေလေပြေနဲ့အတူ နတ်သမီးလေးတစ်ပါး
ကိုယ့်အနားရောက်လာတယ်။
မိုးစက်လေးတွေ ကျချိန်ရောက်တော့
ကိုယ့်အနားက နူတ်မဆက်ပဲ
တိတ်တိတ်လေးထွက်သွားတယ်။
အခုဆို
ဆီးနှင်းလေးတွေကျတော့မယ်
ကိုယ့်ရင်မှာတော့ အလွမ်းမိုးကရွာနေတုန်းပဲ။
ရင်ခွင်ကမိုး တိတ်အောင်လို့ နတ်သမီးလေးပြန်လာပါ။

Saturday, September 15, 2007

သူငယ်ချင်း

ဘ၀ ဆိုတာ
တစ်နေ့မှ တစ်မျက်နှာသာ
ဖတ်ခွင့်ရှိတဲ့ စာအုပ် တစ်အုပ်ပါ။
မနေ့ကစာမျက်နှာတုန်းက
မျက်ရည်ကျခဲ့ရပေမယ့်
မနက်ဖြန်စာမျက်နှာမှာ
ပျော်ရွှင်နိုင်ဖို့အတွက်
ဒီနေ့ အားတင်းထားပါ သူငယ်ချင်း ။

ဆန့်ကျင်ဘက်

ငါအဖြူဆို နင်ကအမည်း။

ငါဝမ်းနည်းရင် နင်ကပျော်တယ်။

ပေးဆပ်ခြင်းနှင့် ငါအသက်ရှင်ပေမယ့်

နင်ကရယူခြင်းနဲ့ နေထိုင်တယ်။

ငါပေးလိုက်တာ အချစ်ပေမယ့်

နင်ပြန်ပေးတော့အမုန်း ဖြစ်နေတယ်။

ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းတဲ့လောကကြီးမှာ

ဘ၀နှစ်ခုပေါင်းစပ်လို့ မရလဲ

ဝမ်းမနည်းပါနဲ့ နှုတ်ဆက်လိုက်ပါ ။

Friday, September 14, 2007

ခေါင်းစဉ်မရှိ သောကဗျာတစ်ပုဒ်

မနေ့ကောင်းကင် လင်းလက်နေတဲ့
ကြယ်လေးကို
ဒီနေ့ကိုယ်မတွေ့ဘူး။ ။
မနေ့ကမျှောလွင့်နေတဲ့
တိမ်တွေ
ဒီနေ့ပျောက်ဆုံးနေတယ်။ ။
မနေ့က ကိုယ်နဲ့ရှိနေတဲ့
မင်းလည်း
ဒီနေ့ဘယ်ရောက်နေလဲ။ ။
ဘယ်လိုပဲလောကကြီးက
အပြောင်းအလဲမြန်ပါစေ ၊
အချိန်တန်ရင်တော့
ကိုယ့်ရင်ခွင်ကိုပြန်လာပါ
ချစ်သူ ရာ ။ ။

whAt meAns LoVE

Photo Sharing and Video Hosting at Photobucketတဖျန်းဖျန်းလင်းလက်လိုက်သော လျှပ်စီးရောင်များနှင့် အတူ ဂျိမ်းဟူသော မိုးခြိမ်းသံကြီးသည် တစ်လောကလုံး သိမ့်သိမ့်တုန်သွားလေ၏။ထို့နောက် လေကြမ်းကြမ်းက ရုန့်ရင်းစွာတိုက်ခတ်လာခြင်းနှင့် အတူ မိုးကောင်းကြီးမှာလည်း မည်းမှောင်၍လာပြီးနောက် အငြှိုးက ကြီးစွာနှင့် မိုးသည်းကြီးရွာချလေ၏။
ထိုအချိန် အဝေးပြေးလမ်းမကြီးအပေါ်တွင် ဆိုင်ကယ်တစ်စီးသည် အရှိန်ပြင်းပြင်းနှင့် ခရီးနှင်နေလေသည်။ဆိုင်ကယ်ပေါ်တွင် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် စီးနှင်းလိုက်ပါလာသည်။ကောင်လေးက ဆိုင်ကယ်ဦးထုပ်ကိုဆောင်းထား၏။ကောင်မလေးကတော့မူ မိုးကာခေါင်းစွပ်ကလေးကိုသာ စွပ်ထားလေ၏။
အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာရှင်းနေ၏။တစ်ခါတစ်ရံသာ ဖြတ်သန်းသွားမောင်းနှင်လာသောယာဉ်များကို တွေ့ရ၏။ဆိုယ်ကယ်မောင်းနှင်လာသော ကောင်လေးသည် လမ်းကလည်းရှင်း၊ မိုးကလည်း သည်းနှင့် လေပြင်းကလည်းတိုက်ခတ်နေ သဖြင့် လိုရာခရီးသို့ ရောက်လိုဇောဖြင့် ဆိုယ်ကယ်ကိုအရှိန်မြင့်၍ မောင်းလာခဲ့လေ၏။
ဆိုယ်ကယ်နောက်ခုံတွင် လိုက်ပါလာခဲ့သော ကောင်မလေးကကောင်လေးအား-
' အရှိန်လျှော့ပါဦး ' ဟုပြောလေ၏။
ထိုအခါ ကောင်လေးက
မင်း ငါ့ကိုဖက်ထားရင် အရှိန်လျှော့မယ် ဟုပြောလေ၏။ကောင်မလေးသည် ကောင်လေး၏ဆန္ဒ ကိုလိုက်လျှော၏။ ကောင်လေး၏ ခါးကိုအနောက်မှ တင်းကြပ်စွာ ဖက်ထားလိုက်၏။သို့သော် ကောင်လေးသည် ဆိုင်ကယ်ကို အရှိန်မလျှော့သည့်အတွက် -ကောင်မလေးက
အရှိန်လျှော့ပြီးမောင်းလေ… ဟုပြောပြန်လေ၏။ကောင်လေးက -
မင်းငါ့ကို ချစ်တယ်လို့ပြောရင် အရှိန်လျှော့မယ် ဟုပြောသဖြင့်ကောင်မလေးကလည်း
ကျွန်မ ရှင့်ကို ချစ်ပါတယ် ဟုပြောလိုက်လေ၏။
ဆိုင်ကယ်အရှိန်သည် လျော့မသွား။ကောင်မလေးကလည်း မိုးသည်းသည်း ၊ လေထန်ထန်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသည့် ဆိုင်ကယ်ကို စီးရသည်မှာ အသည်းသည်း တထိတ်ထိတ် ရင်တဖိုဖို ဖြစ်လာသဖြင့် -
အရှိန်လျှော့ပြီး မောင်းမယ်ဆို၊လျှော့လေ… ဟု ပြောလိုက်ပြန်၏။
ထိုအခါ ကောင်လေးက..
မင်း ငါ့ရဲ့ဦးထုပ်ကိုယူပြီး ဆောင်းလိုက် ဟူ၍ ပြောလေ၏။ကောင်မလေး ကလည်း ကောင်လေး ပြောသည့် အတိုင်းပင် ကောင်လေးခေါင်းမှ ဆိုင်ကယ်ဦးထုပ် ကိုယူ၍ သူ့ခေါင်းမှာ ဆောင်းလိုက်သည်။
နောက်တစ်နေ့…
သတင်းစာများ၏ စာမျက်နှာများပေါ် တွင် ယမန်နေ့ မိုးသည်းသည်းမည်းမည်း ရွာနေချိန်တွင် အဝေးပြေးလမ်းမပေါ်တစ် နေရာ၌ ဆိုင်ကယ်တစ်စီး သည် ဘရိတ်ပေါက်၍ မှောက်သွားသဖြင့် ဆိုင်ကယ်ပေါ်တွင် စီးနှင်းလိုက်ပါလာ သောလူငယ်မှာ ဦးခေါင်းခွံ တစ်ခုလုံးကြေမွပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ ဆိုင်ကယ်မှောက်ရာတွင် အတူပါလာသော အမျိုးသမီးငယ်လေးမှာ မူဒဏ်ရာပြင်းစွာဖြင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ပါရှိလာလေသည်။

စင်စစ် ကောင်လေးသည် ဆိုင်ကယ် ဘရိတ်ပေါက်သည်ကို အရင်ကပင် သိပြီးသားဖြစ်သည်။သို့သော် သူသည်သူချစ်သူကောင်မလေး ကြောက်ရွံ့သွားမည်စိုး သဖြင့် ထုတ်မပြောခြင်း ဖြစ်သည်။ တကယ်တော့ သူသည် သူ့ချစ်သူ၏ အသက် ကိုသူ့အသက်နှင့် ရင်း၍ ကယ်တင်လိုက်ခြင်း ဖြစ်သည်။သူ၏ နောက်ဆုံးချိန်တွင် သူ့ကြားလိုသောစကားကို ကြားသွားရ သဖြင့် တမလွန်တွင် ဖြေသိမ့်နိုင်လိမ့်မည် ဖြစ်သည်။သူသွားရမည့် ခရီးကိုလည်း နောက်ဆံ မတင်းဘဲ ဖြောင့်တန်းစွာသွားနိုင်လိမ့်မည်ဖြစ်ပါသည်။
သို့သော်…
ဤအကြောင်းကိုသာ သူ့ချစ်သူကောင်မလေး မသိသွားခဲ့ပေ။

(၀န်ခံချက်- ဤဇာတ်လမ်းသည် ဆရာမ စုဝေနှင်း၏ ဆောင်းပါးမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)


အချစ်ကို လူတွေက အမျိုးမျိုး အဓိပ္ပယ်ဖွင့်ကြပါတယ်။အချစ်စစ်တို့သည်ရယူပိုင်ဆိုင်ခြင်း မဟုတ် ပေးဆပ်ခြင်း သာဖြစ်သည်ဟုလည်း ကြားဖူးပါသည်။တစ်ချို့ကလည်း ရယူပိုင်ဆိုင် လိုကြ၏။မည်သို့ ပင်ဖြစ်စေ အချစ်သည်အချစ်သာ။ အချစ်သည် ချစ်နေသူ နှင့် အချစ်ခံသူ တို့ပေါ်တွင်သာ မုတည်နေပေသည်။ပေးဆပ်သူ နှင့် ရယူသူ ရှိသ၍ အချစ်သည်လည်း အချစ်သာဖြစ်ပေမည်။