Tuesday, December 11, 2007

အဖြူရောင် တမ်းချင်း

စကားတစ်ခွန်းကို ပြောဖို့ဘာလို့ ကျွန်မ စွံအနေမိတာလဲ။

မပြောရက်ပါဘူး ….။

ဒီစကားလေးကြောင့် သူထိခိုက်မှာကို စိုးရိမ်နေမိတယ်။

ဒါပေမယ့်…အဖြူရောင်လေး စွန်းထင်းမှာကိုလည်း ကျွန်မကြောက်နေမိတယ် ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





သူ့ ဂရုစိုက်မှုလေးတွေ ၊ အကြည့်စူးစူးတွေကို ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့တာပါ။

သူငယ်ချင်းစည်းလေးကို သူ ကျော်လာမှာ စိုးလှတယ်။

စည်းကျော်လာတဲ့ သူတစ်ယောက်ကို မုန်းရမှာလည်း မလိုလားဘူး။ မမုန်းပေမယ့်လည်း မချစ်ချင်ပါဘူး ။

သူ့ရဲ့ ထာဝရအားပေးဖော်..နားလည်ပေးသူ သူငယ်ချင်းတစ်ယောက်သာ ကျွန်မဖြစ်ချင်ခဲ့တယ်။

ကျွန်မအတွက် သူငယ်ချင်းဆိုတဲ့ ခင်မင်မှုဟာ လေးနက်ပါတယ်။

လူတစ်ယောက်ကို လွယ်လွယ်နဲ့ သူငယ်ချင်းမလုပ်တက်သလို …သူငယ်ချင်းတစ်ယောက်ကိုလည်း လွယ်လွယ်လေးနဲ့ ခင်မင်မှု မဖြတ်ပါဘူး ။ ဒါကြောင့် ကျွန်မကို ခင်တဲ့သူများပါတယ်။ဒါပေမယ့်….ကျွန်မခင်တဲ့သူ နည်းတယ်။

လူတစ်ယောက်ရဲ့ အကျင့် စရိုက် ..အမူ အရာ တွေအကုန်လုံးက သူ့ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၊ အပေါင်းအသင်းနဲ့ဆိုင်တယ်လို့ ကျွန်မထင်ပါတယ်။ကိုယ် ကဘယ်လောက်ကောင်းကောင်း အပေါင်းအသင်း မကောင်းရင် ပျက်ဆီးတက်ပါတယ်။



သူ ကတော့ ကျွန်မ အပေါ်ကောင်းသူပါ ။ ကျွန်မကိုလည်း ကျွန်မထက် ဂရုစိုက်တယ် ။ကျွန်မ အကြိုက်ကိုလည်း ကျွန်မထက်သိတဲ့သူပေါ့ ။ကျွန်မ ဘာပြောပြော နားထောင်ပေးသူ ၊ ကျွန်မ ဖြစ်ချင်တာ ဖြည့်ဆည်းပေးနိုင်သူ ၊ အဲ့လို လူကို ကျွန်မ ပစ်ပယ်ခဲ့ရင် ကျွန်မဟာ မိုက်မဲတဲ့သူ ဖြစ်နေမလား ။



နှလုံးသားကိုဦးစားပေးနေသူ ကျွန်မ ဟာရူးမိုက်နေသလား ?



မချစ်နိုင်တာ တစ်ခုတည်းနဲ့ ငြင်းပယ်လိုက်ရင် ကျွန်မ သူ့အပေါ် မတရားဖြစ်နေမလား ?



သူငယ်ချင်းရယ်…

ခင်မင်ခဲ့တာ ခဏတာပေမယ့်

ခင်မင်မှုက တိုင်းဆမရပါဘူး ။

အမုန်းတရားတွေ မပေးချင်သလို…

အချစ်တွေလည်း ပေးလို့မရဘူး ။

ထာဝရခင်မင်နိုင်ဖို့

အဖြူရောင်စည်းလေး

ငါ..တားထားတယ် ။

မင်း ငါ့ကို နားလည်ပါစေ ။

ညဥ့်ငှက်တစ်ကောင်၏ ဆုတောင်း

ဒီလို တိတ်ဆိတ်တဲ့ညမှာ မှောင်မိုက်တဲ့ လမ်းမျိုးကို ကျွန်အကြိမ်ကြိမ်အခါခါ လျှောက်လှမ်းဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှ ဒီလို အေးချမ်းတိတ်ဆိတ်မှုကို မခံစားဖူးဘူး။ ကျွန်မရဲ့ စိတ်တွေ လွတ်လပ်ပေါ့ပါးနေတယ်။မကြာမီ ကျွန်မလည်း လွတ်မြောက်ခွင့်ရှိတော့မယ်။ ဒီလိုနေ့ရက်မျိုးကို ကျွန်မ ပိုင်ဆိုင်ချင်ခဲ့ဖူးတယ်။ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလို ရောဂါဆိုးကြီးနဲ့ အတူတော့ ထွက်ခွာရလိမ့်မယ်တော့ မမျှော်လင့်ခဲ့တာ တော့အမှန်ပါ ။ ဘာပဲဖြစ်ဖြစ်ပေါ့……လောကဓံရဲ့ အထုအထောင်းများတော့လည်း ကျွန်မ ပေတေခံတတ်နေပါပြီ ။ကျင့်သားရနေခဲ့ပါပြီ ။



တစ်ချိန်တစ်ခါက….စက္ကူဖြူတစ်ရွက်လို ကျွန်မဘ၀ စာမျက်နှာတွေ ဖြူစင်နေခဲ့ဖူးတယ်။အဲ့အချိန်ကတော့ ကျွန်မရဲ့ ကလေးဘ၀လေးပေါ့။ လူတွေသတ်မှတ်ထားတဲ့ အမှန်နဲ့အမှားကိုမသိသေးချိန်အထိတော့ အပူအပင်ကင်းမဲ့စွာဖြင့် ပျော်ရွှင်နေခဲ့ဖူးတယ်။ဒါပေမယ့်လည်း လောကဓံရဲ့ အရောင်ဆိုးမှုကို ခံလိုက်ရတဲ့အခါ ကျွန်မဘ၀လည်း ဆေးရောင်စုံ စွန်းထင်းလာခဲ့ပြီ ။



လေတိုက်လို့ သစ်ရွက်ကြွေတာကို ရင်မခုန်ခဲ့ဖူးပေမယ့် မီးရောင်စုံညတွေကြားမှာ ပျော်မွေ့နေခဲ့ဖူးတယ်။အဆီပြန်နေတဲ့ မျက်နှာတွေကြား ..ရီဝေေ၀မျက်လုံးအကြည့်တွေအောက် ပိုက်ဆံရဲ့ သားကောင်ဖြစ်နေခဲ့တယ်။ ပိုက်ဆံဆိုတဲ့ အရာတစ်ခုတည်းအတွက် ကျွန်မ အသွေးအသားတွေ ပေးဆပ်ခဲ့ရတယ်။



ရွက်ဝါကြွေလို့ရွက်သစ်ဝေချိန်ရောက်တော့ ကျွန်မဘ၀ တစ်ဆစ်ချိုးခဲ့ပြန်တယ်။ နေရာပေါင်းစုံ တည်းခိုခန်းတွေကြား ကျွန်မကျင်လည်ခဲ့ရတယ်။ အဝေးပြေးကားတွေနဲပ ခရီးအတူတူသွားရင်း ကျွန်မနေ့ရက်တွေမည်းညစ်နေခဲ့တယ် ။



ကျွန်မ ဘ၀အကျိုးပေးကံ မကောင်းခဲ့တာလား။ရှေးဘ၀က အတိတ်ကံကြောင့်လား ?

အခုတော့ လွတ်မြောက်ရတော့မှာပေါ့ ။

ဒီအတွက် ကျွန်မ၀မ်းနည်းရမှာလား ?

ဒါမှမဟုတ် ၀မ်းသာရမှာလား ?



ဒီလောကကြီးကနေ…တိတ်တိတ်လေး ကျွန်မထွက်ခွာသွားနိုင်ပါတယ် ။ဒါပေမယ့်…တစ်ခြားမိန်းကလေးတွေကိုတော့ ကျွန်မလို မဖြစ်စေချင်ဘူး ။

ဘုရားသခင်ကိုတော့ နောက်ဆုံးအနေနဲ့ ဆုတောင်းခွင့်ရရင် ဆုတောင်းချင်ပါတယ် ။



မိန်းကလေးတိုင်း ဖြူစင်သန့်ရှင်းတဲ့ ဘ၀လေး ပိုင်ဆိုင်ရပါစေလို့ …….



ည၏ အမှောင်ထုလည်း တစ်ဆထက်တစ်ဆသိပ်သည်းလာကာ….ကျွန်မလည်း အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်ရင်း

Tuesday, December 4, 2007

အလှည့်ကျ

မဖြစ်နိုင်မှန်းသိနေပေမယ့်လည်း
ရှေ့ဆက်တိုးမိနေတယ်။
တစ်ချိန်ချိန်မှာ အဆုံးသတ်ရမယ်မှန်း
ငါသိပါတယ်။
အဲလို..သိရက်နဲ့ မိုက်နေမိတာ
ငါ့အပြစ်တွေပေါ့။
အဲ့အပြစ်တွေ အတွက်
တစ်ချိန်မှာ ငါပေးဆပ်ရမှာလား ။
ဒါဆိုလည်း ..
ဒီတစ်ဘ၀ ငါပေးဆပ်မယ်
နောက်ဘ၀တော့ နင့်အလှည့်ပေါ့ ။

Sunday, September 16, 2007

မင်းအတွက်...

ကိုယ့် ဖွင့်မပြောလို့
မချစ်ဘူးမပြောပါနဲ့
မင်းအတွက်ဆို
တစ်ဘ၀လုံး ပေးဆပ်ထားသူပါ။
ဝေးသွားမှာကို ကြောက်ရွှံ့နေလို့
သတ္တိမရှိဘူး မပြောပါနဲ့
မင်းနဲ့တွေ့မှ
ဒူးထောက်အရှုံပေးခဲ့သူပါ။
အရှုံးသမားလို့တော့မပြောပါနဲ့
မင်းအနိုင်ယူ ဖို့ ပေးဆပ်ထားတာပါ။
ရက်စက်ပြီးတော့ အဝေးပြေးဖို့
မစဉ်းစားပါနဲ့
ကိုယ့်နှလုံးသားလေး ငြိမ်သက်သွားမှာ စိုးရိမ်လို့ပါ။

လူတစ်ယောက် ၏ ….

အကြင်နာ စကား
အပြုံးတစ်ချက်
မရခဲ့လည်း
မင်းနူတ်ခမ်း ချိုချိုကို
တပ်မက်နေတယ် ။ ။


အကြင်နာ မျက်ဝန်း
အကြည့်တစ်ချက်
မရခဲ့လည်း
မင်းမျက်ဝန်းစိမ်း ခါးသက်သက်ကို
တောင့်တနေတယ်။ ။


အကြင်နာ အချစ်
မြတ်နိုးခွင့်
မရခဲ့လည်း
မင်းနှလုံးသား အေးစက်စက်ကို
မျှော်လင့်နေတယ် ။ ။

ဝင်လာပြီးမှ ထွက်ခွာသူ

မှောင်မိုက်နေတဲ့ ကိုယ်ဘ၀ထဲကို
အလင်းရောင်လေး ရောက်ရှိလာတယ်။
အမုန်းတရားနဲ့ ပြည့်နှက်နေသူကိုယ့်ကို
မေတ္တာတရားနဲ့ လမ်းပြခဲ့တယ်။
ရယူခြင်းနဲံ နေထိုင်သူကိုယ့်ကို
ပေးဆပ်ခြင်းနဲ့ ဖြည့်ဆည်းပေးတယ်။
ငြိမ်သက်နေတဲ့ နှလုံးသားကို
လှုပ်နိုးပြီးမှ နူတ်မဆက်ပဲ
ထွက်ခွာသွားတယ်။
ချစ်မိသွားသူကိုယ့်ကို
လွမ်းတတ်အောင်ပါ သင်ပေးသွားတယ်။

အစွန့်ပစ်ခံ နှလုံးသား

မခေါ်ပဲနဲ့ မင်းလာတယ်
မနှင်ပဲနဲ့ မင်းထွက်သွားတယ်။
ကိုယ်ရင်ခွင်ကို
မင်းစိတ်ကြိုက်ကစားပြီးမှ
နူတ်မဆက်ပဲ စွန့်ပစ်ခဲ့တယ်။
မင်းသဘောကျလိုက်လျောခဲ့လဲ
မင်းစိတ်တိုင်းကျဖြစ်မလာဘူး။
မင်းအလိုမရှိလို့ ထားခဲ့ပေမယ့်
လိုအပ်လာရင် ပြန်လာနိုင်ဖို့
ရင်ခွင်တံခါး ဖွင့်ထားပါတယ်။