Tuesday, December 11, 2007

အဖြူရောင် တမ်းချင်း

စကားတစ်ခွန်းကို ပြောဖို့ဘာလို့ ကျွန်မ စွံအနေမိတာလဲ။

မပြောရက်ပါဘူး ….။

ဒီစကားလေးကြောင့် သူထိခိုက်မှာကို စိုးရိမ်နေမိတယ်။

ဒါပေမယ့်…အဖြူရောင်လေး စွန်းထင်းမှာကိုလည်း ကျွန်မကြောက်နေမိတယ် ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





သူ့ ဂရုစိုက်မှုလေးတွေ ၊ အကြည့်စူးစူးတွေကို ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့တာပါ။

သူငယ်ချင်းစည်းလေးကို သူ ကျော်လာမှာ စိုးလှတယ်။

စည်းကျော်လာတဲ့ သူတစ်ယောက်ကို မုန်းရမှာလည်း မလိုလားဘူး။ မမုန်းပေမယ့်လည်း မချစ်ချင်ပါဘူး ။

သူ့ရဲ့ ထာဝရအားပေးဖော်..နားလည်ပေးသူ သူငယ်ချင်းတစ်ယောက်သာ ကျွန်မဖြစ်ချင်ခဲ့တယ်။

ကျွန်မအတွက် သူငယ်ချင်းဆိုတဲ့ ခင်မင်မှုဟာ လေးနက်ပါတယ်။

လူတစ်ယောက်ကို လွယ်လွယ်နဲ့ သူငယ်ချင်းမလုပ်တက်သလို …သူငယ်ချင်းတစ်ယောက်ကိုလည်း လွယ်လွယ်လေးနဲ့ ခင်မင်မှု မဖြတ်ပါဘူး ။ ဒါကြောင့် ကျွန်မကို ခင်တဲ့သူများပါတယ်။ဒါပေမယ့်….ကျွန်မခင်တဲ့သူ နည်းတယ်။

လူတစ်ယောက်ရဲ့ အကျင့် စရိုက် ..အမူ အရာ တွေအကုန်လုံးက သူ့ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၊ အပေါင်းအသင်းနဲ့ဆိုင်တယ်လို့ ကျွန်မထင်ပါတယ်။ကိုယ် ကဘယ်လောက်ကောင်းကောင်း အပေါင်းအသင်း မကောင်းရင် ပျက်ဆီးတက်ပါတယ်။



သူ ကတော့ ကျွန်မ အပေါ်ကောင်းသူပါ ။ ကျွန်မကိုလည်း ကျွန်မထက် ဂရုစိုက်တယ် ။ကျွန်မ အကြိုက်ကိုလည်း ကျွန်မထက်သိတဲ့သူပေါ့ ။ကျွန်မ ဘာပြောပြော နားထောင်ပေးသူ ၊ ကျွန်မ ဖြစ်ချင်တာ ဖြည့်ဆည်းပေးနိုင်သူ ၊ အဲ့လို လူကို ကျွန်မ ပစ်ပယ်ခဲ့ရင် ကျွန်မဟာ မိုက်မဲတဲ့သူ ဖြစ်နေမလား ။



နှလုံးသားကိုဦးစားပေးနေသူ ကျွန်မ ဟာရူးမိုက်နေသလား ?



မချစ်နိုင်တာ တစ်ခုတည်းနဲ့ ငြင်းပယ်လိုက်ရင် ကျွန်မ သူ့အပေါ် မတရားဖြစ်နေမလား ?



သူငယ်ချင်းရယ်…

ခင်မင်ခဲ့တာ ခဏတာပေမယ့်

ခင်မင်မှုက တိုင်းဆမရပါဘူး ။

အမုန်းတရားတွေ မပေးချင်သလို…

အချစ်တွေလည်း ပေးလို့မရဘူး ။

ထာဝရခင်မင်နိုင်ဖို့

အဖြူရောင်စည်းလေး

ငါ..တားထားတယ် ။

မင်း ငါ့ကို နားလည်ပါစေ ။

No comments: